ခံစားချက်တွေကို ပိတ်လှောင်ထားမိနေတာ ဘာကြောင့်လဲ
စိတ်တွေ ထုံနေပြီ၊ ဘာကိုမှ ဖွင့်ထုတ်မပြောချင်တော့ဘူးဆိုတာမျိုး ခံစားမိကြဖူးမယ်ထင်ပါရဲ့။ လူအတော်များများလည်း ဒီလိုမျိုး ပြောလေ့ရှိကြတယ် မဟုတ်လား။
စိတ်တွေထုံနေတယ်၊ စိတ်ခံစားချက်တွေ ထုံသွားတယ်ဆိုတဲ့ Emotional Numbness ဆိုတာက မိမိတို့ရဲ့ စိတ်ကို မဖွင့်ပြတော့တဲ့၊ ထုတ်ဖော်ဖွင့်ဟလိုတဲ့ စိတ်မရှိတော့တဲ့ အခြေအနေကို ဆိုလိုတာပါ။
လူတွေဟာ စိတ်ပိုင်းဆိုင်ရာဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာဖြစ်စေ အလွန်အမင်း နာကျင်ခံစားလာရတဲ့အခါ မိမိကို နာကျင်စေတဲ့အရာတွေ၊ အတွေးတွေကို ပျောက်ကွယ်သွားစေချင်တာ၊ ဖြတ်တောက်မေ့ပစ်ချင်လာကြတာ သဘာဝပါပဲ။ ဒီခံစားချက်ကို လျစ်လျူရှူပြီး ရှေ့ဆက်ဖို့ ယာယီစိတ်သက်သာစေဖို့အတွက် လူ့ခန္ဓာကိုယ်ကြီးက သူ့သဘာဝအတိုင်း ကိုယ့်ကိုယ်ကို တုန့်ပြန်ကုစားပေးပါတယ်။
နာကျင်ရပါများလာတဲ့အခါမှာတော့ မသိစိတ်ကနေ ရှောင်ဖယ်ခုခံမှုကြောင့် လူတွေနဲ့ ဆက်သွယ်ရာ၊ ခံစားချက်အကောင်းအဆိုးတို့အပေါ် ထိတွေ့ရာမှာပါ ပြောင်းလဲ သက်ရောက်ခြင်းမျိုးနဲ့ပေါ့။
ဒီလိုနဲ့
- ပတ်ဝန်းကျင်က အခြားလူတွေနဲ့ ကင်းကွာလာမယ်၊
- အပြုသဘောဆောင်တဲ့ ခံစားချက်တွေကို တွေးတောနိုင်ဖို့ ရှာဖွေနိုင်ဖို့ ခက်ခဲလာမယ်၊
- ယခင်က ကြိုက်နှစ်သက်ခဲ့ဖူးတဲ့ အရာဝတ္ထုတွေ၊ သက်ရှိတွေ၊ ဝါသနာတွေကို စိတ်မဝင်စားတော့ဘူး၊
- တစ်ယောက်တည်း သီးသန့်နေရတာ ပိုကြိုက်လာမယ်၊
- ကိုယ်နှုတ်အမူအရာအားဖြင့် မိမိခံစားချက်ကို သူများထံ မပြသချင်တော့ဘူး၊
- မိမိကိုယ်တိုင် ဘယ်လိုခံစားနေရသလဲဆိုတာကို မဆန်းစစ်တတ်နိုင်တော့ဘူး၊
- ဘဝရဲ့ အရေးပါတဲ့ အခန်းကဏ္ဍတွေ၊ လုပ်ဆောင်ရမယ့်တာဝန်တွေကနေလည်း ရှောင်ဖယ်လာမယ်၊
စသဖြင့် စသဖြင့် အပြုအမူတွေ ပြောင်းလဲလာပါလိမ့်မယ်။
ခံစားချက်များ ပိတ်လှောင်တဲ့အကျင့်ကို ဖြစ်ပေါ်စေတဲ့ အခြေအနေများကတော့
- စိုးရိမ်ကြောင့်ကြတတ်တဲ့ရောဂါ ရှိနေတာ
- စိတ်ကျရောဂါ ခံစားနေရတာ
- ဝမ်းနည်းပူဆွေးနေတာ
- စိတ်ကြွဆေးတွေ မှီဝဲသုံးစွဲနေတာ
- စိတ်ပိုင်းဆိုင်ရာ (သို့) ကိုယ်ထိလက်ရောက် အနိုင်ကျင့်ခံနေရတာ
- စိတ်ဖိစီးမှု ခံစားနေရတာ
- အတိတ်ဖြစ်ရပ်ကြောင့် စိတ်ဒဏ်ရာရှိနေတာ
- စိတ်ကစဉ့်ကလျားဖြစ်သောရောဂါ ရှိနေတာ
- မူးယစ်ဆေး သုံးစွဲနေတာ စတာတွေကြောင့် ဖြစ်လေ့ရှိပါတယ်။
ဒီလို မိမိတို့စိတ်ကို ပိတ်လှောင်နေမိ၍ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရာမှာ ပြသာနာများ ကြုံတွေ့နေရပြီဆိုရင်တော့ ကျွမ်းကျင်သော စိတ်ပညာရှင်များ၊ စိတ်ဝေဒနာအထူးကု ဆရာဝန်များနဲ့ ဆွေးနွေးမှု (Counselling Session) များဖြင့် စနစ်တကျ ရင်ဖွင့်တိုင်ပင်ကာ အကြောင်းတရားနှင့် စိတ်ဒဏ်ရာတို့ကို ကုစားသင့်ပါတယ်။
Dr. MMT